အရိပ်ကလေးတွေက တစ်လှုပ်လှုပ်
သဘာဝကပေးတဲ့ တာဝန်ကလည်း
အဆက်မပြတ်
ဖြတ်သန်းသွားသမျှ
အရိပ်ကလေးတွေကို
အရင်းခံတည်ငြိမ်သော မျက်ဝန်းတစ်စုံနဲ့ 
ကြည့်နေလေရဲ့ ။
ဂုဏ်ပကာသနမမက်
မာနမဖက်
ဦးတည်ရာကိုသာ ရွေ့ နေတယ်။
- ပြီးဆုံးခြင်းမရှိတဲ့ သူ့ ခရီးမှာ
ထာဝရအဖော်ဆိုတာလဲ
မရှိခဲ့ပါဘူး။
- ရှေ့ ဆက်နေတဲ့ သူ့ ရဲ့ ခရီး
ဘယ်သူက တားဆီးနိုင်ပါ့
တံတိုင်းတွေပဲတားတား
နံရံတွေပဲခြားခြား
ပင်လယ်ရေကုန်အောင် သောက်မယ်ဆိုတဲ့
ဘီလူးတွေပဲရှိရှိ……
- မှောင်နေတဲ့ သန်းခေါင်မှာလဲ
သူသွားနေတယ်။
ပူပြင်းတဲ့ နေမင်းအောက်မှာလဲ
ထီးမပါဘဲ သူရှိနေတယ်။
- မိုးကြီးလေကြီးကျလည်း သူမမှု
ကြောက်လန့် စရာကြုံလည်း သူမငို
တစ်ခါတစ်ခါ….
ဂီတသံချိုလေးနဲ့ တောင် ဖြေဖျော်လိုက်ရဲ့ ။
ဦးနှောက်ရှိတဲ့ မြစ်ကလေး
ယုံကြည်ဖို့ ခဲယဉ်းလောက်အောင်
နှလုံးသားရှိတဲ့ မြစ်ကလေး
ဒါကိုတော့ သူ့ ရင်ခွင်မှာ
ဖြတ်သန်းဖူးတဲ့အရာတိုင်းက
သိကြမှာပါ..။
ရင်ခွင်ထဲကို တိုးဝင်လာတတ်တဲ့
ဗျိုင်းဖြူလေးတွေ…
တစ်ခါတစ်ရံ
ရင်ခွင်ထဲက ထွက်ပြေးတတ်တဲ့
ဗေဒါလေးတွေ…။။
မြစ်ကလေးက သိနေတယ်
တစ်နေ့ မှာတော့
ကိုယ်ရောက်ရှိရာ ဒေသတွေမှာ
မပျော်တော့တဲ့အခါ
သူ့ ရင်ခွင်ကို ပြန်လာပြီး
အိပ်စက်နားနေကြဦးမယ်ဆိုတာပေါ့…။
ရည်မွန်