Welcome To My Blog
Welcome To My Blog
 

ထက် ရည် မွန် အိ ရဲ့ ကဗျာ နှင့် အိပ် မက် များ


Monday, April 30, 2007

တပွင့်တည်းရင်ထဲက ကြယ်စင်

မိုးစက်တွေရဲ့ တေးသံကျယ်ကျယ်တွေကို ကျမကြားနေမိတယ်။ဒါပေမဲ့ အပူမီး သည်းထန်နေတဲ့ ကျမနှလုံးသား ကို ပက်ဖျန်းပေးဖို့ တော့ အားမရှိကြဘူးထင်ရဲ့ ။ငိုလိုက်လို့ သာဒဏ်ရာတွေ ပျောက်သွားရင် ကျမ အခါသိန်း သန်းမက ငိုချင်ပါတယ်။မျက်ရည်ဆိုတာ မရှားပါဘူးလေ..။ကျမမှာ ရင်ဆိုင်ရဲတဲ့ သတ္တိမရှိဘူးလားလို့ မေးလာ ရင်တော့ ကျမပြန်ပြောမိမှာက ကျမ သတ္တိမရှိတာမဟုတ်ပါဘူး။နောင်တအကျိုးဆက်ဆိုတာကို ကျမထိတ်လန့် 
မိတာပါ။ကျမဟာ ကြောက်တတ်တဲ့ မိန်းကလေးတစ်ယောက်တော့ မဟုတ်ပါဘူး။မေမေ့ကို တောင် ကျမမှန်ရင် ပြန်ပြောနေဖို့  ၀န်မလေးပါဘူး။ကျမမေမေရဲ့ အကြီးမားဆုံး စိတ်ပျက်မှုကလဲ ကျမရဲ့ ဒီစိတ်ဓါတ်ကိုပါပဲ။ ဒါထား လိုက်ပါလေ။မိုးသည်းထဲမှာ မီးလောင်ခံနေရတဲ့ဒုက္ခကို ခံစားဖူးရင် ကျမရဲ့ ဝေဒနာတွေကိုကူညီပြီး နားလည်နိုင် မှာပါ။ကျမကို နားလည်ပေးမဲ့ တစ်ဦးတည်းသောသူဟာ ကျမရဲ့ အဝေးဆုံးနေရာမှာ ရှိနေတယ်လေ။ကျမ ပူလောင်လွန်းလို့ ရင်တွေ ကွဲထွက်မတတ်ပါပဲ။တင်းထားတဲ့ နှုတ်ခမ်းတွေကြားက နီရဲတဲ့ ကျမသွေး စက်တွေ တောင် ခြောက်လုလုဖြစ်နေလေပြီ။ဘာတွေလုပ်လို့ ဘာတွေဖြစ်မယ်ဆိုတာကျမ မစဉ်းစားနိုင်တော့ဘူး။စဉ်း စား မိရင်လည်း ကျမရဲ့ အနာဂတ်ကို ကျမပိုင်ဆိုင်ခွင့်မရခဲ့ရင် ကျမမျှော်လင့်ချက်တွေ ပျောက်ဆုံးကုန်ရင်ဆိုတဲ့ အတွေးမျိုးဝင်လာမှာ စိုးမိတယ်။ကျမရဲ့ အနာဂတ်တွေကို ပုံဖော်နိုင်ဖို့ အတွက် ကျမအားကိုးလိုက်မိပါတယ်။ တစ်ပွင့်တည်း သောကြယ်စင်ရယ်။ကြယ်တွေအများကြီးရှိပေမဲ့ တစ်ပွင့်တည်းသောကြယ်စင်ကို အားကိုး
မိလိုက်ပါတယ်။အလင်းဖျော့ဖျော့ကြားထဲမှာ ကျမကို အားပေးမဲ့တစ်ပွင့်တည်းကြယ်စင် နားလည်နိုင်ပါစေ….။

Sunday, April 29, 2007

မွန်မြတ်မိခင်

ငိုနေသော နှလုံးသား၊မျက်ရည်ဆူးနစ်

ကြေကွဲငြီးငြူ၊ထိုသူတို့ အား

အေးချမ်းစေသည့် ထိုအမေ။

ညီညွတ်အင်အား၊ထာဝရမေတ္တာ

ဂရုဏာနဲ့ ချစ်ခြင်းတရား

မုဒိတာနဲ့ ကြင်နာမှုများ

ပေးအပ်လေသည် ထိုအမေ။

ဖခင်အမွေ၊မျိုးချစ်ခွန်အား

ထမ်းဆောင်ဂုဏ်အင်၊အားမာန်ဝင့်သည်

သားအလွမ်းနှင့် ထိုအမေ။

ဘ၀ဒဏ်ရာ၊အထီးကျန်တစ်ကိုယ်တည်း

ပြည်သူတို့ ကို မခွဲအမြဲ

တွဲခေါ်ဆောင်သည်

လွတ်လပ်တရား ရှင်သန်စေမည့်

ထိုအမေ…….။

အေးမြနွေးထွေး၊လွတ်လပ်ကြည်ဖြူ

ဖေးမကူရင်း လျှောက်သွားမည့်လမ်း

ဖောက်သွားတူတူ မမောပန်းပြီ

မွန်မြတ်မိခင် နှလုံးသားတည်း…….။

ရည်မွန်ထိပ်ထား

ဒီကဗျာလေးကတော့ ဒေါ်အောင်ဆန်းစုကြည် (၆၁)နှစ်မြောက်မွေးနေ့ မှာ ရည်မွန်ထိပ်ထားအမည်နှင့် ရေးစပ်ခဲ့သည့် မွန်မြတ်မိခင်သို့ ကဗျာဖြစ်ပါတယ်။

(အလင်းအိမ်စာစောင်၊အတွဲ(၁)၊အမှတ်(၃)၊၂၇-ဇွန်လ၊၂၀၀၆)

ကျမနှင့်ကျမ

ပြက္ခဒိန်ဟောင်းထဲက ကျမအိမ်မက်တွေ

ရောင်နီမလာခင် နိုးထခဲ့ရ

အဆုံးမဲ့စိတ်ကူး အတွေးနဲ့ နှိပ်စက်ဖို့ 

ကျမမွေးဖွားခဲ့တာပါ…..

ဖျော့တော့နေတဲ့ ကျမဦးနှောက်

အမုန်းတရားတွေ ရှင်သန်ရန်မဟုတ်

အမှားနဲ့ အမှန် ခွဲခြားတတ်ဖို့ သာ

ကျမမေမေ ဆန္ဒရှိခဲ့တာပါ။

အကြွေးထူတဲ့ ကျမအပြုံး

စိမ်းကားရန် မရည်ရွယ်

ချစ်ခင်ရသူ ပျော်ရွှင်ရန်သာ

သဘာဝကြီးက ပေးသနားခဲ့တာပါ။

ဒါပေမဲ့လေ……..

သွေးစာနေသူ အရူးကျမ

အရှုံးတွေ ထွေးပိုက်လို့ 

မျက်ရည်ကို အလှူပေးရင်း

ကျမ………..ပျော်ရွှင်နေမိတယ်။

ရည်မွန်

မမဲ့နိုင်သော အဆုံးသတ်

မျှော်လင့်ချက်တွေနဲ့ အသက်ရှင်

အလင်းရောင်တွေ ကြိုလင့်လို့ 

အာရုံဦးကို လျှောက်စို့ လေ။

ဝေးကွာခဲ့တဲ့ အတိတ်တွေ

ပျောက်ဆုံးခဲ့ရတဲ့ ယုံကြည်ချက်တွေ

ဒီမိုးသောက်ချိန် ပြီးဆုံးသွားမှာပေါ့။

ရည်မွန်

ပိုက်

လိုချင်တဲ့အရာတစ်ခုအတွက်

ငါ့ခန္ဓာကိုယ်ထဲမှာ စီးဝင်စေ

ငါ့အသားတွေကိုလည်း နာကျင်စေ

အဆုံးသတ်တော့

ငါ့ကို လွှင့်ပစ်ကြတယ်။

(ပိုက်ကလေးတွေသနားပါတယ်နော်။)

ရည်မွန်

လင်းနို့ 

ခြေလိုလို လက်လိုလို

အတောင်ပံလိုလို

သူသိပ်မပီပြင်ပေမယ့်လည်း

ပြောင်းပြန်မိုးလင်းပြီး

အတည့်မိုးချူပ်တဲ့

သူ့ အမှန်တရားဟာ

သိပ်နားပါးလွန်းတယ်။

AMT

ဒါလည်း ကိုအောင်မြတ်သူရဲ့ ကဗျာပါပဲ။

သစ်ပင်စိုက်ခြင်း

-သစ်ပင်တွေဟာဖြင့် ခေတ်မီကြတယ်

သူတို့ လိုပဲ ကမ္ဘာမြေကို ငါပေါင်းတော့မလို့ 

သူတို့ ဟာ တံတွေးမထွေးဘူး

(၂၄)နာရီလုံး စုပ်ယူတယ်

ခံမပြောဘူး ခံယူပစ်တယ်

ဆန်းသစ်တယ်။

-သူတို့ ဆိုတဲ့တွေးတွေ အမြဲစိမ်းလန်းတယ်။

တို့ နဲ့ ကြမ္မာတူတာတွေလည်း

ငါမြင်မိရဲ့ …

သင်းသတ်တာမျိုး

တောရှင်းခံရတာမျိုးတွေပေါ့။

မတတ်နိုင်ဘူးလေ

ထင်းဖြစ်လည်း ဖြစ်ပစေတော့

သစ်ပင်တွေလိုပဲ

ကမ္ဘာမြေကို ငါပေါင်းတော့မယ်။

AMT

မော်လမြိုင်ထောင်အမှတ်တရ

ဒီကဗျာကတော့ ကဗျာဆရာတစ်ဦးဆိုလည်းဟုတ်၊ကျမအကို ဆိုလည်းဟုတ်တဲ့ ကိုအောင်မြတ်သူ ကဗျာလောကထဲရောက်လာတဲ့ ကဗျာတွေထဲက တစ်ပုဒ်ပါ။

Saturday, April 28, 2007

လမ်း

မှောင်မိုက်တဲ့လမ်း ဆူးရှတဲ့ဓါးသွား

မတ်စောက်တဲ့ ကျောက်ဆောင်

သူမမှုခဲ့ပါဘူး။

ရဲရင့်တဲ့ သတ္တိ ပေးဆပ်မှုအနတ္တတွေနဲ့ 

တိတ်တဆိတ်ငိုကြွေးရင်း

သူကပြခဲ့တယ်။

ချစ်သူ့ ရင်ခွင်က ပြေးထွက်

ခန္ဓာကိုယ်ကို စတေးလို့ 

တိုင်းပြည်အတွက် ယစ်ပူဇော်

သူ မိုက်မဲခဲ့တာ မဟုတ်ရပါဘူး။

ဒီလိုနဲ့ လမ်းဆက်အလျှောက်

နောက်ဆုံး ဘ၀ရဲ့ အချိန်

အမှန်လမ်းနိဗ္ဗာန် သူဝင်ခဲ့ပါတယ်။

ရည်မွန်

(အမ္ဗပါလီအတွက် ခံစားရေးဖွဲ့ သည်။)

Friday, April 27, 2007

သွားလည်ကြည့်ပါ။

အားလုံးကို မိတ်ဆက်ပေးချင်တဲ့ link တစ်ခုရှိနေပါတယ်။အဲဒါကတော့ မြန်မာ့သတင်း

ဆက်သွယ်ရေးနည်းပညာအဖွဲ့ ရဲ့  link ပါ။သိပြီးသူတွေလည်းရှိပါတယ်။အဲဒီ့မှာ ကဗျာ

လေးတွေ ကောင်းသလို သမိုင်းတွေကိုလည်း သိရှိနိုင်တယ်။ဒီပို့ စ်မှာ လဲ အဲဒီ link ကို

ပေးထားမယ်နော်။ www.myanmarisp.com ကိုသွားလည်ပြီး ဗဟုသုတများတိုးပွားနိုင်

မှာပါ။

ရင်ထဲက ဒိုင်ယာရီ

အတိတ် ပစ္စုန်ပ္ပန် အနာဂတ်

ဘယ်နေရာမှာ အမြဲတည်နေနိုင်မလဲ

ပြောစမ်းပါ သူငယ်ချင်း။

မင်းနောက်က ခြေရာ

ပြန်ကောက်မလို့ လား။

မင်းရှေ့ က မြက်ခင်း

ဆက်လှမ်းမှာလား။

မင်းရင်ထဲက ဒဏ်ရာ

ငါမြင်နေပါတယ်။

နှလုံးသားအတုနဲ့  လှည့်စား

မာယာမိုင်းတွေခွဲပြီး

စကားလုံး ပျားရည်တွေ

မင်းသတိရနေမှာပေါ့။

တစ်ခုတော့ အကြံပေးပါရစေ..

မင်းရင်ထဲက ဒဏ်ရာတွေ အန်မချလိုက်ပါနဲ့ ။

မင်းရဲ့ ဖြူလွလွ စာမျက်နှာ

ညစ်ပေသွားမှာ စိုးလို့ ပါ။

သိမ်းထားလိုက်ပါကွာ….

မင်းရင်ထဲက ဒိုင်ယာရီထဲမှာ

ထာဝရအိပ်စက်နေပါစေ။

ရည်မွန်

Wednesday, April 25, 2007

လူတစ်ယောက်(သို့ မဟုတ်)…….

ငါ့အသိတစ်ချက် အဝေးသို့ လွင့်မျောဆဲ

အော်ဟစ်သံသဲ့သဲ့ ငါကြားမိရဲ့ ..

ငြီးငြူသံလား၊ငိုရှိုက်သံလား၊

ခက်သဲ့သဲ့မို့  မသဲကွဲပါဘူး။

ပျော်ရွှင်ခြင်းမဲ့ ဒီနေရာ

ငါခဏတော့ ပြေးထွက်ချင်ရဲ့ ။

နာကျင်ခြင်းမဲ့ သံစဉ်

ငါခဏတော့ ကြားချင်မိရဲ့ ။

အခြေအနေတစ်ရပ်ပေါ်

ငါ တည့်တည့် တည်နေဆဲ

ပြောင်းလဲပိုင်ခွင့်အာဏာ

ငါ အစိုးမရထားဘူး။

ငြင်းဆန်ပိုင်ခွင့်အာဏာ

ငါအခွင့်မရထားဘူး။

စိုးမိုးပိုင်ခွင့်အာဏာ

ငါမသိထားဘူး။

တကယ်တော့ ငါလည်း……

လူပီသမှုအတွက် ရုန်းကန်ရဦးမှာပါလား………။

ရည်မွန်

Saturday, April 21, 2007

ဘ၀တစ်ခုနဲ့ အတူ

ဘ၀တစ်ခုမှာ အမှားများစွာ

ကြုံခဲ့ ဆုံခဲ့ ထိခိုက်ခဲ့လည်း

အမှန်တစ်ခု ငါတည်ဆောက်မယ်

ရင်းရမယ် ဘ၀နဲ့  ဒဏ်ရာ။

ကံကြမ္မာစေရာ လမ်းလျှောက်သွားလို့ 

ခါးတစ်ပြန် ချိုတလှည့်

မောဟိုက်လို့  နားခိုချင်လဲ

ရင်ခွင်ရယ်….

ဝေးကွာနေဆဲ။

တိတ်တဆိတ် တစ်ကိုယ်တည်း

အမှောင်ခန်းကျဉ်းထဲမှာ

ကိုယ့်ကိုယ်ကိုယ်ပဲ အကျဉ်းချမိရော့သလား။

အဆုံးသတ်မတော့

ငါ့ဘ၀ရဲ့ အမှန်တရား

ငါ့ဘ၀ရဲ့ အမှန်လမ်း

ငါ့ဘ၀ရဲ့ ယုံကြည်ချက်

ငါသွားရဦးမယ်….ချစ်တဲ့သူရယ်။

ရည်မွန်

Thursday, April 19, 2007

နွေ

ဥသြငှက်ရဲ့ ချိုတေးသံ
ငါ့နားထဲ ပျောက်ကွယ်နေတာ
ကြာလှပေါ့။
ပိတောက်တစ်ခတ်ရဲ့  ချော့မြူသံ
ငါ့အသည်းထဲ မ၀င်လာနိုင်တာ
ကြာလှပေါ့။
သင်္ကြန်မိုးတစ်စက်
ငါ့ဆံနွယ်နဲ့  မထိတွေ့ ရတာ
ကြာလှပေါ့။
ဒါပေမဲ့လည်း
ငုဝါ တွေကတော့
ပင်လုံးလှိုင်လို့  ပွင့်နေဆဲ
ပွင့်လို့  နေဆဲပါပဲ။


Friday, April 13, 2007

တန်ခူးလေနှင့် လျောတော့မည်

ဒီစာလေးတွေက စာပေဗိမာန်ဆုနှင့် အမျိုးသားစာပေဆုရှင် ဘဘ ဦးတင်မိုးရဲ သစ်ရွက်ကြွေပေါ်က မှတ်တမ်းတစ်ခုပါပဲ။

လူဆိုတာ မိမိဘက်မှာတော့ တကွက်ချန်စမြဲ တဲ့။
ကိုယ့်အနာ ကိုယ်သာသိပေမယ့် လူသိမခံမှာ သေချာတယ်။
ဆင်သေကို ဆိတ်ရေနဲ့ ဖုံးလို့ မရဘူးဆိုပေမဲ့ ဖုံးမှာကတော့
အသေအချာ။လုံမလုံသာ မသိနိုင်တာ။။

တူတူရေ...လုံအောင်ပုန်း။ကတုံးမကြီး လာလိမ့်မယ်..တဲ့။
ငယ်ငယ်ဘ၀ တူတူပုန်းတမ်း ကစားစဉ်က။

မလုံမလဲ မယုံမရဲ နဲ့  နေရတဲ့ဘ၀မှာ ချမ်းသာသုခ ခံစားနိုင်ပါ့မလား။
ရိုးသားရဲရင့် ပင်လုံးပွင့်တဲ့ ပိတောက်ခမျာ အပွင့်အခိုင်
ပင်လုံးအချိုင်ခံရရှာတယ်။သူကတော့ အပေးမှာ မွေ့ လျော်
ကြည်ဖြူပြီး အယူမရှိတဲ့ ပန်းပေကိုး။မိမိအတွက် ပုန်းဝှက်စရာ
နေရာမရှာချေဘူး။

ကိုယ်ကျိုးမချန်သူတို့ အတွက် လောကဟာ သန်းတန်တယ်။
နေပျော်တယ်။

သံသယနဲ့  ကြောင့်ကြမှုများ တောင့်တမှုကင်းတဲ့ ကမ္ဘာလောက်
သာယာတဲ့ ကမ္ဘာရှိနိုင်ပါဦးမည်လား။

ပိတောက်ပန်းလေးတွေ ပွင့်တော့မည်။
တန်ခူးလေနှင့် လျော့တော့သည်လို့ ဆိုရမှာပေါ့။

DIED BUT NOT DEAD

In the end the man fell
never to rise again.
But his pen defied death
to resurrect a flame.

The little words were his blood
the little lines his veins.
All the wrote and nobly did
would ever serve his aims.

We see him clear,we hear him well
we feel him within us.
We know his pen has rightly said
"My master died but not dead".

Moe Hein
(Son) Journal Kyaw
22.7.2000

Notes- this poem is for U Chit Mg who is a good journalist by his son.

Thursday, April 12, 2007

စဉ်းစားရင်းနဲ့ ကုန်လွန်ခြင်း

ငါ့စိတ်ထဲမှာ...
ရှေ့ တိုးမယ်ကြံတိုင်း
အနောက်ကို ဆုတ်လိုက်မိတယ်။။
ငါ့ခြေလှမ်းတွေ...
တည့်တည့်မတ်မယ်ကြံတိုင်း
ယိမ်းယိုင်သွားတယ်။
ငါ့နှုတ်ခမ်းတွေ...
ပြုံးရယ်မယ်ကြံတိုင်း
တင်းကျပ်သွားတယ်။
အဖြေကိုပြန်စမ်းစစ်
ငါစဉ်းစားပါတယ်။
ဒါပေမဲ့............
ငါ့ဦးနှောက်တွေ အေးခဲသွားတယ်။

မှတ်ချက်။ ။ ဒီကဗျာလေးဟာ ကျမ ဘာဆိုဘာမှစဉ်းစားလို့ မရတော့တဲ့ အချိန်တစ်ခုက

ရေးဖြစ်ခဲ့တာပါ။သိပ်တော့ မကြာသေးပါဘူး။ကဗျာတစ်ပုဒ်ရဲ့ ရသ ပေါ်လွင် မှု

တော့ မရှိပါဘူး။ပြောရရင် သူများနားမလည်နိုင်ပါဘူး။ဒါပေမဲ့လည်း ကျမ

blogမှာ တင်လိုက်မိပါတယ်။

Monday, April 9, 2007

ပိတောက်သင်္ကြန်



သင်္ကြန်တောင် ကျလာပြီ။။ပိတောက်တွေနဲ့ ဝေးနေတာတောင် ကြာပြီပေါ့။။ဦးမောင်လှ blog မှာ ပိတောက်တစ်ခိုင်တွေ့  လိုက်ရတယ်။ဒါနဲ့  သင်္ကြန်လွမ်းစိတ် ပိုပြင်းသွားတာပေါ့။

ရည်မွန်